News Article Photo Poem Video Cartoon Music Radio

Sunday, November 30, 2008

ကလေး

0 comments

Print E-mail
ကောင်းကင်ကို
တနင်္လာနေ့၊ နိုဝင်ဘာလ 24 2008 18:19 - မြန်မာစံတော်ချိန်


ကလေး အနှစ် နှစ်ဆယ်လုံးလုံး

ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်

ထွက်မလာသေးတဲ့ ကလေး။


အင်္ဂုလိမာလ သုတ်မပြောနဲ့

ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ 

မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်

ထွက်မလာသေးတဲ့ ကလေး။


နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်

ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 

ဆွဲထုတ်ပြီးတော့ မွေးရမလား၊


လက်ရုံးတွေကို ဓားလိုသွေး

ခွဲစိတ်ပြီးတော့ မွေးရမလား။


အဖြစ်က

ဇက်သေနေတဲ့ စတီယာရင် တချောင်းနဲ့

ယာဉ်သုံးစီးကို တပြိုင်တည်း မောင်းနေရသလိုမျိုး။


ကလေး ထွက်လာဖို့ လည်း လိုတယ်။

မွေးမွေးချင်း သေမသွားဖို့လည်း လိုတယ်။

မိခင်ရဲ့အသက် မဆုံးရှုံးဖို့လည်း လိုတယ်။


နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့

ဘုရားသခင်က အတင်းလာလုနေတာလား။


အသက် နှစ်ချောင်းက ငါတို့ရဲ့ လက်ထဲမှာ တည်းတည်းကလေး။

မိခင်ရဲ့ ငိုကြွေးသံကလည်း အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။

ကလေးရဲ့ ငိုကြွေးသံကလည်း အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။


ကလေးရဲ့ ဖခင်လည်း

တမလွန်ကနေ ပူပန်နေတော့မယ်။

ဘောလုံးပွဲကြည့် ပရိသတ်တွေလို

အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း

အသံတွေ ဝင်ပြီး မောကုန်ကြပြီ။


ဘာပဲဖြစ်ဖြစ့့် 

ဒီကလေးဟာ

ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတပွင့်ကို

ချူပေးနိုင်မယ့် တံချူလေး၊

ငါတို့ရှင်အောင် မွေးနိုင်ရင်

လာဘ်လာဘတွေကို ယူဆောင်လာမယ့် ကလေးမို့

အိမ်သားအားလုံးကတော့

ရင်တထိတ်ထိတ်နဲ့ 

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

ကောင်းကင်ကို


(မှတ်ချက်။ ။ ကဗျာမှာ ကောင်းကင်ကို၏ ကိုယ်ပိုင်ဘလော့ဂ်တွင် ဖော်ပြပြီး ဖြစ်သည်။)

သခင်စိတ်ဓာတ်၊ သခင်အကျင့်

0 comments

Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 17:14 - မြန်မာစံတော်ချိန်



သခင်စိတ်ဓာတ်၊ သခင်အကျင့်''သခင်လား ကျွန်လား

ရိုးရိုးကျင့် မြင့်မြင့်ကြံ

မှန်တာလုပ် ဟုတ်တာပြော'' တဲ့ …

ဒါ … သခင်တယောက်ရဲ့ စိတ်ဓာတ်နဲ့

သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။


သခင်ဆိုတာ

မရသင့်တဲ့ အခွင့်အရေး

ဘယ်သူပေးပေး မယူဘူး၊

"ထမင်းကြမ်းခဲ" ပြလို့

အမြီးနှံ့ပြရတာ

သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ။


သခင်ဆိုတာ

ဗဟုသုတနဲ့ ယုံကြည်မှုရှိ

စိန်ရွှေငွေ ဏ သ တ န မ တွေ သူမကြည့်

တိုင်းပြည်ရဲ့ တာဝန်ကို သိတယ်။


တိုင်းပြည်နဲ့ မိမိတာဝန်

ချိန်ခွင်လျှာ တင်ကြည့်ရင်

တိုင်းပြည်က အလေးသာတယ်။


ကျွန်ဆိုတာ …

ခံမပြောရဲဘူး

ဟောက်ငေါက်သမျှ ဖိခံ

မှန်မမှန် သူမသိ

သူသိတာက သခင်အလိုကျ အမြီးနှံ့ပြဖို့။


သခင်ဆိုတာ …

ခိုင်းလို့မဟုတ် တာဝန်သိလို့ လုပ်တယ်၊

မဟောက်နဲ့ မငေါက်နဲ့

ကြောက်တတ်တဲ့ အလေ့မရှိ

မမှန်တာ သူသိရင်

ဖွင့်ဟဖို့ ၀န်မလေး

အသက်ပေးဆောင်ရွက်

ဒါ … သခင်စိတ်ဓာတ်နဲ့

သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။


သခင်နဲ့ ကျွန်

ချိန်ခွင်လျှာတင်ကြည့်

သခင်လား? ကျွန်လား?

ခွဲခွဲခြားခြား သိချင်တယ်

ကွဲကွဲပြားပြား သိချင်တယ်

အဖြေ …။


မင်းသုည


၁၃-၁၁-၂၀၀၈

"မျောနေတဲ့ မြစ်"

0 comments

Print E-mail
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 15 2008 13:41 - မြန်မာစံတော်ချိန်

(အနှစ် ၂၀ တစေ့တစောင်းစစ်တမ်း)

မျောနေတဲ့ မြစ် တချို့က

ပါးစပ်နဲ့လက်တို့ရဲ့

စိတ်ပျက်စရာအကွဲအပြဲကို

မိတ်ဖက်အဖြစ်လက်တွဲခိုင်းပြီး

အနီးကပ်ဆုံး နေရာတခုမှာ

ဖျာတချပ်ကို ချခင်းလိုက်ဖို့ဖြစ်တယ်။

အသံအကျယ်ဆုံးပြောတတ်ဖို့နဲ့

မျက်နှာထား တည်တည်ထား

စကားလုံး စကားလုံး …

စကားလုံးတွေအားလုံးကို

လေတင်းအောင်ထိုးထားဖို့လိုမယ်။

ပညာရပ်နယ်ပယ်တချို့က

ဖြတ်စ ညှပ်စ သောင်းပြောင်းကောက်

တောက်ပတဲ့ အရာတိုင်းဟာ

ရွှေမဟုတ်ပါ ဆိုပေမယ့်လည်း

ရွှေပဲဖြစ်လိုက်ကြ။

မိတ်ဆွေ…

နှစ်ခါသေဆုံးဖို့ အတွက်

အိပ်မက်မက်ချင်နေပြီလား။

အကွပ်သက်သက်အတွက်ပဲ

ဦးခေါင်းနဲ့ လဲလှယ်ပစ်လိုက်တဲ့ အနုပညာမှာ

ဘာညာဝါဒများနဲ့စံကိုက်

အကြိုက်ဖြစ်ချင်ဖြစ်လိမ့်မယ်

အနိမ့်ပျံ တောင်ပံတွေနဲ့သာ ဟိတ်ဟန်ထုတ်

ဖုတ်ပြီးသား ငါးခြောက်တပြင်ပြင်

ဆိုဇင်ညစ်ဖင်* သာဆိုရင်

"ဟင်" ဆိုပြီး…။

ထီးတချောင်းရဲ့အရိပ်ပူပူအောာက်

စောက်မနက်တဲ့ခြုံပုတ်ပေါ်

စိုင်ကော်လို့ ရောက်ပြီးကြမှ

ခြေထောက်တို့ မည်းနက်သွားခဲ့ကြ။

မိတ်ဆွေ…

ရှူးဖိနပ်ချင်းလဲစီးဖူးရင်

ပင်လယ်ပြင်စစ်စစ်ကို တွေ့လိမ့်မယ်။

ကိုယ်တိုင်ကမှ မီးမထွန်းရဲပဲ

အမှောင်ဖြိုခွဲ လမ်းပြချင်သတဲ့

(ကြားလိုက်ကြရဲ့လား)

ပရိုမီးသီးယပ်စ်+် ရဲ့ ရယ်သံညီးညီး

ကျေးဇူးအပွင့်အသီး

ဆွတ်ခူးစားသုံးပြီးကာမှ

ငါ့ဝမ်းပူဆာ မနေသာ

ရေလွှာလျှေစီး နေချင်လိုက်ကြ။

ပထမဆုံး ခြေတလှမ်းကို

ရဲစွမ်းဝန့်စားသူတွေသာ

စာမျက်နှာများစွာ ဖြတ်သန်း

ကမ္ဘာကြီးကို ထမ်းပိုးသွားကြတာပါပဲ။

မိတ်ဆွေ…

သစ်တောတွေကို ထိမ်းသိမ်းရင်း

မြစ်တစင်းကို သီချင်းဖွဲ့ဆိုကြည့်စမ်းပါ။ ။

o *Solzhenitsyn of Russia
o +Prometheus

ဖောက်ချည်များတဲ့ တောအုပ်

0 comments

Print E-mail
စိုးနေလင်း
အင်္ဂါနေ့၊ နိုဝင်ဘာလ 11 2008 17:16 - မြန်မာစံတော်ချိန်


ဖောက်ချည်များတဲ့ တောအုပ်စူးနေတဲ့ဆူးကို ထွင်ပစ်ဖို့

မြစ်ကို သွက်သွက်စီးဆင်းစေချင်ရဲ့

ကောင်းကင်မဲ့သော လင်းယုန်

လေပြေမဲ့သော သစ်ပင်

ရှင်သန်ခြင်းအဓိပ္ပာယ် ကွယ်ပျောက်

ရေသောက်မြစ်တို့ သွေ့ခြောက်လာခဲ့ပြီ။



တိုင်ချည် ဖောက်ချည်များ စီစဉ်မကျ

အဆင်မလှ အသားမညီ

ကြုံလှီသေးသိမ်လာသော နှလုံးသားများ

မိုးခါးရေထဲ နေသားတကျ

ပင်လယ်ပြင်ကို စွန့်ပစ်ခဲ့ကြ။



အိပ်မက်ဆိုးထဲက လွင့်စင်

ကောင်းကင်ချစ်သူ ငှက်များက

ရွက်ကျပင်ပေါက်ဖြစ်

(တချို့က)

တေးချင်းသစ်ကို ဟစ်ကြွေးခဲ့ကြပြီ

လင်းရောင်ခြည်ကား မလာသေး။



အနှေးရိုက်ချက်များသာ အထပ်ထပ်

တံလျပ်တို့ လက်လက်ထစဲကာလ

အဲဒီ အရှည်မျောဆုံး ညတာမှာ

ဗလာအစုများသာ ပြန့်ကျဲ

ရေ၀ဲကတော့ တခုထဲ

နစ်မြုပ်မသွားကြဖို့ပဲ ဖြစ်တယ်။ ။

စိုးနေလင်း

အနှစ် ၂ဝ

0 comments

Print E-mail
ကဗျာ
မောင်လွမ်းဏီ
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 11:56 - မြန်မာစံတော်ချိန်

ရှစ်လေးလုံးက ဖွားသစ်
နိုဝင်ဘာ ၁၊ အနှစ် ၂ဝ။

အာဏာရှင်စနစ်
ဆန့်ကျင် ခုတ်ထွင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

တော်လှန်စစ်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

လူထုတိုက်ပွဲ
အသည်းရင်ခွင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

လူမျိုးစုံတံတား
ကျောသားရင်သား၊ ယှက်နွယ်ရစ်ငင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

ကာနယ်ချစ်ကာင်းရဲ့
အနှစ် ၂ဝ
မောင်သော်ကရဲ့
အနှစ် ၂ဝ
ကဗျာရေးတဲ့
အနှစ် ၂ဝ
မိတ်ဆွေတွေ ရှား
မိစ္ဆာတွေများ
ပြိတ္တာတွေပွားတဲ့
အနှစ် ၂ဝ။

စာသင်သားတွေ
ပြည်ရွာမြေထဲ
ခြေစွာနေဆဲ
အနှစ်၂ဝ။

တောင်ယာဆန်နဲ့
ဖိနပ်မဲ့
ဓားနဲ့ လှံချစ်
အနှစ် ၂ဝ။

တော်လှန်ရေးသစ္စာ
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။


မောင်လွမ်းဏီ

"အပ်ကြောင်းထပ်တဲ့ ဇာတ်"

0 comments

Print E-mail
စိုးနေလင်း
သောကြာနေ့၊ အောက်တိုဘာလ 03 2008 16:55 - မြန်မာစံတော်ချိန်

Poem ပစ်ခတ်ပေါက်ကွဲသံတွေ…

အော်ဟစ်ငိုကြွေးသံတွေ…

အုံကြွကြွေးကြော်သံတွေ…

ကမ္ဘာမြေပြင်အနှံ့ လွှမ်းဖုံး

မီးခိုးလုံးများ လိပ်လိပ်ထ

နောဧ သင်္ဘောတစင်းလောက် ထပ်ရနိုင်မလား။


တူးခါးစွ... လူ့သမိုင်း

တောရိုင်း တိရိစ္ဆာန် များထက် ရိုင်းစိုင်း

အနှိင်းမဲ့ မိုက်မဲခဲ့ကြ

ပြဿဒ်တို့ မီးလောင်ပြာကျခဲ့ကြပြီ။

ဒါဟာ…ဒဏ္ဍာရီတပုဒ်မဟုတ်

သရုပ်မှန်ဇာတ်ထုပ်

ပေါင်းချုပ်စာအုပ်တအုပ်သာ။


"အလက်ဇင်းဒါးပုပ်#" ရေ….

"ဆိတ်ငြိမ်ဘ၀*" ထဲကလယ်သမားဘဝ

တကယ်များရနိုင်မလား

ခြေတဖ၀ါးစာ မြေသားတစကိုတောင်

ပိုင်ဆိုင်ခွင့်မရ

မဲ့လျှလိုက်ပလေ…

သေဆုံးသွားမယ်ဆိုရင်တောင်

(လူတကိုယ်စာ)

မြေတနေရာ မသေချာဖြစ်ခဲ့ပေါ့။


တခုခုတော့ မှားနေပုံရရဲ့

ကြွင်းရစ်တဲ့ ရိုးပြာကိုသာ

လေနှင်ရာ လွင့်ပါးပစ်လိုက်ကြပါလေ။ ။


# Poet Alexander Pope
* Quiet Life

လိမ္မာရစ်ကြပါ ...

0 comments

Print E-mail
ကဗျာ
မောင်သြ
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 17:40 - မြန်မာစံတော်ချိန်

၂ဝဝ၈ ခုနှစ်ရဲ့

အညစ်ပတ်ဆုံးနေ့

အလိမ်ညာဆုံးနေ့

အကောက်ကျစ်ဆုံးနေ့

အယုတ်မာဆုံးနေ့  အကျည်းတန်ဆုံးနေ့ 

အဲဒီနေ့က မေ (၁ဝ) ရက်နေ့ နှင့်

မေ(၂၄)ရက်နေ့ပဲ ဖြစ်တယ်။


အဲဒီအချိန်က

နာဂစ်မုန်တိုင်းဒဏ်ကြောင့်

ကယ်ဆယ်ရေးတွေ နဲ့

ပြန်လည်ထူထောင်ရေးတွေ ရှုပ်ထွေးနေချိန့့် 

နာဂစ်မုန်တိုင်းဒဏ် ခံရသူတွေ

အသက်အိုးအိမ်စတေး

ငိုကြွေးဆွေးမြေ့ ခံစားနေရသလို့ 

မြန်မာပြည်အနှံ့ ကြားရမြင်ရသူများကလည်း

နာကျင်ကြေကွဲ ဝမ်းနည်းနေကြရတယ်။


အဲဒီအချိန်မှာ အခွင့်ကောင်းယူ

ပြည်သူတွေရဲ့ အသဲကြားက မဲတပြားကို

ဆန်နဲ့လဲ အဝတ်အစားနဲ့လဲ ဆေး၊ အစာနဲ့လဲ

ပြည်သူတွေရဲ့ မျက်ရည်ကို

ခြေနဲ့ဆေးပြီး မတော်မတရားနဲ့

နာဂစ်ကို ခုတုံးလုပ်

အမြတ်ထုတ်ခဲ့ကြတယ်။


ပြည်သူတွေရဲ့ အသဲနှလုံးကို

ဘယ်လိုလိမ်ညာရမလဲ၊

ပြည်သူတွေရဲ့ မျက်လုံးကို

ဘယ်လိုဖောက်ပစ်ရမလဲ၊

ပြည်သူတွေရဲ့ ပါးစပ်ကို

ဘယ်လိုပိတ်ပစ်ရမလဲ၊

ပြည်သူတွေရဲ့ ဦးနှောက်ကို

ဘယ်လိုဖောက်စားရမလဲ၊

ပြည်သူတွေရဲ့ စိတ်ဓါတ်ကို

ဘယ်လိုလှည့်စားရမလဲ့ 

အကြံသမားရဲ့ ကောက်ကျစ်တဲ့ ဥာဏ်နီဥာဏ်နက်

မြေခွေးပင် ရှူံးလောက်ပါရဲ့

ညစ်ပတ်လိမ်ညာ ယုတ်မာကောက်ကျစ်

မိမိအာဏာတည်မြဲရေး တပည့်မွေးပြီး

ပြည်သူ့နှလုံးသွေးကို ညစ်ထေးအောင် အရောင်ဆိုး

ပုဆိန်ရိုး လက်ကိုင်တုတ် စွမ်းအားရှင် ဖွံ့ကြံ့တွေနဲ့

ပြည်သူတွေကို့  ဖြားယောင်းလို ဖြားယောင်း

ခြိမ်းခြောက်လို ခြိမ်းခြောက်

အခွင့်အရေးတွေနဲ့ အယောင်ပြလှည့်စား

စကားအရောင်းအဝယ် လုပ်လိုလုပ်

ကိုယ်ထုတ်တဲ့ ဥပဒေ ကိုယ်တိုင်ရိုက်ချိုး ဖျက်ဆီး

မသမာနည်းနဲ့ မဲခိုးကြတော့

၉၂.၄၈ ရာခိုင်နှုန်း ရသတဲ့

ဟာ .... ဟ ရယ်လည်း ရယ်ရ

အံ့ လည်း အံ့သြရ

ဆင်ကြီး ဂဠုန်ချီ

ခွေးကို ကြောင်ကိုက်

ကြောင်ကို ကြွက်ခုတ်

ကျားကို သမင်ဖမ်း ပရမ်းပတာတွေနဲ့

မယုံချင်စရာ ပုံပြင်သာမှတ်လိုက်ပါတော့

ပြည်သူအများမှာ

အကြောက်တရားနဲ့ ပြားပြားမှောက်နေခဲ့ရတာ

အနှစ် ၂ဝ ပင်တိုင်ခဲ့ပြီ

မင်းတို့ကို မယုံတော့ဘူးဟေ့ .... ။


၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ

ဘယ်သူကျင်းပပေးခဲ့သလဲ ... ရဲရဲဖြေပါ ...

၁/၉ဝ ဘယ်သူရေးဆွဲထုတ်ပြန်ခဲ့သလဲ ...

ရဲရဲဖြေပါ ...

ကိုယ့်ကတိ ကိုယ်မတည်

ကိုယ့်စကား ကိုယ်ဖျက်

ကိုယ့်သိက္ခာ ကိုယ်ချ

ပြည်သူ့ဆန္ဒကို ဆန့်ကျင်

တိုင်းပြည်ရဲ့မျက်နှာ အိုးမည်းသုတ် ...

"၂ဝဝ၈ ခုနှစ် ဆန္ဒခံယူပွဲကျတော့

ပြည်သူ့ ဆန္ဒကို လိုက်နာတဲ့"

၉ဝ ခုနှစ် ပြည်သူ့ဆန္ဒ ကျတော့

Mandate out ပြီတဲ့ ...

လာ လာသေးတဲ့ ဆောင်းပါးရှင် ငဖားတွေ ငကြောင်တွေ

အရှက်မရှိ ကလောင်သရမ်းပြီး

မျက်ကန်း တစ္ဆေမကြောက်

ကဘောက်တိ ကဘောက်ချာတွေရေး

နိုင်ငံကို အမဲစက်စွန်းအောင်

အမှန်တရားကို ဖုန်းကွယ်ပြီး

လံကြုတ်တွေ မရေးကြပါနဲ့ ရပ်တန်းက ရပ်ကြပါ ...

အလင်းကို အမှောင်ချ

အမှန်ကို အမှားလုပ်

ဇာတ်ထုပ် ဇာတ်ညွှန်းတွေ ကလီကမာရေးဆွဲ

ငရဲကို ဇောက်ထိုး ကျမယ်

သံဃာသတ်တဲ့ ပုဂ္ဂိုလ်တွေ

သံဃာ သွေး မြေကျအောင်လုပ်တဲ့ မိစ္ဆာဒိဌိတွေ

သင်တို့အတွက်

မဟာရောရုဝ

မဟာတာပန

အဝီစိ တို့က တံခါးဖွင့်ထားပြီ ...။

ကဲ အချိန်ရှိသေးတယ်

အမှားမှန်းသိ အမှန်ပြင်ကြပါ

အမှန်လမ်းကိုဖောက် ရောက်အောင်လှမ်းကြပါ

သင်တို့အတွက်

"တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းထိုင်ခုံများက

အခွင့်ကောင်းတွေနဲ့ အဖြေမှန်ပေးပါလိမ့်မယ်"

ဆရာတော် ဦးဝိစာရ စကား နှလုံးသွင်းကြ

"လိမ္မာရစ်ကြပါ"

"အမြင့်ပျံ တောင်ပံများ"

0 comments

Print E-mail
စိုးနေလင်း
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 12:43 - မြန်မာစံတော်ချိန်

အမှောင်ညကို ထိုးဖောက်ရင်း

အမှောင်တွင်းနက်ထဲ ကျွံနစ်

ချစ်ခြင်း ကောင်းကင်

မြေပြင် သစ်ပင် ပန်းခင်း

လေညှင်းရနံ့ ပျယ်လွင့်

စူးနင့် ရင်ထဲ စွဲထင်

ဒဏ်ရာနာကျင်နေဆဲ။


အေးခဲ ပင်လယ်ပြင် ကျုံ့ကွေး

ေ၀းပ်….

မှုန်မွကြယ်စင်

သံစဉ် တိုးမျှင်း ညှိုးလျှော့

အသော့နှင် အိပ်မက်မြင်းမောဟိုက်

လောင်မြိုက် နှလုံးသား

တအားခုန်လှုပ်နေဆဲ ။


စီးဆင်းမြဲ မြစ်ကြီးများနောက်မှာ

ဧရာဝတီ….

မှုန်သီစာမျက်နှာဟောင်းနွမ်းအောက်

ခွေခေါက်လဲလျှောင်း

ဦးခေါင်းပြန့်ကားကြီးထွားလာရာမှ

မှိုင်းပျ အ၀ါရောင်ဆေးသားထပ်

သက်ငြိမ်ပန်းချီကားတချပ်ဖြစ်

ခြစ်ခြစ်တောက် နေပူကဲဆဲ ။


ဖြစ်မြဲဓမ္မတာ

ဒါဟာ အနှစ် အထောင် အသောင်းက

တောဥပဒေသ

တောဥပဒေသ တဲ့လား…

အခါးသည်းဆုံး သစ္စာတရားခေါင်းခါ

ကားစင်ပေါ် က ခရစ်တော်

အသက် နဲ့ပေးလျှော်ရင်းစား

လူသားတို့ကို ချစ်သွားခဲ့ ။


ဒီလိုနဲ့ပဲ

အကောင်းဆုံးသစ်ပင်တို့ပြိုလဲ

ရာသီလွန်ကဲဖောက်ဆိုး

တန်ဖိုးကျ မြေသားပေါ် မှာ

ရိုးပြာ အထပ်ထပ် သိပ်သည်း

အကြီးမားဆုံး မီးတောင်တလုံးဖြစ်ခဲ့

(ကောင်းကင်ကို)

အမှတ်တမဲ့ မော့မကြည့်လိုက်ကြပါနဲ့

ငှက်တကောင်ရဲ့ ဘ၀နိဂုံးလို

ပျံသန်းရင်း သေဆုံးကြည့်ရအောင်ပါ။ ။

စိုးနေလင်း

"ဟန်ဆောင်ကောင်းတဲ့ သိပ်သည်းဆ"

0 comments

Print E-mail
ကဗျာ
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 10 2008 13:59 - မြန်မာစံတော်ချိန်
မနက်ခင်း ဆိုတာတွေရဲ့ အောက်မှာ
ကြောင်တောင် ဟောက်ပက်
သည်းခြေပျက် မျက်လုံးများရှိတယ်။

ပေါင်းဆုံခြင်း သီအိုရီကို
ဘယ်သူတီထွင်တွေးဆခဲ့ပါသလဲ
ပုံဆောင်ခဲဖြစ်ခွင့်မရခဲ့တဲ့
လေးတွဲ့သက်ပြင်းများရဲ့ဖြစ်စဉ်မှာ
အနာဂတ်ဆိုတာ ဖျာတချပ်လောက်မှ ကျယ်ပြန့်ပါ့မလား
တအားအော်ဟစ်ပေါက်ကွဲပစ်လိုက်ရင်း
အပြင်းစား ရော့ခ်သီချင်းတပုဒ်ဖြစ်သွားရှာတယ်။

ကုန်သွယ်စီးပွားကိစ္စများနဲ့
မြို့ပြရဲ့ ဂုဏ်သိက္ခာကို ဆည်မတဲ့။

အဲဒီအထဲမှာ
ဥနှောက်တခုလပ်တွေကိုပဲ
ရွှေရောင်နဖူးစီးဖိတ်ဖိတ်တပ်
ဇာတ်ကိုဦးစီးသရုပ်ဆောင်စေလို့
ချစ်ဖို့သက်သက်နှလုံးသားအတုများသာ
ကွန်ပြူတာအစီအစဉ်ရေးဆွဲ
လေလံပွဲများ ကျင်းပနေကြ။

"ဟင့်အင်း" လို့
ဘယ်သူငြင်းဖျက်ခေါင်းခါမလဲ။

ဒါနဲ့တောင်မှ အားမရ
ကြက်ဥရောင်ကျောက်ခဲတချို့က
မျိုးရိုးဗီဇနဲ့ဒေသကို ဗဟိုပြု
ကုထုံးတခုအဖြစ်
ခြစ်ခြစ်တောက်နေပူရှိန်နဲ့ပြ
ကကြိုးတခုကိုဖွထုတ်ပစ်လိုက်ပါလေရော။

ဟော…
လျှောကနဲ တိုးထွက်လာတဲ့ မြွှေဆိုးတကောင်က
အာရှ တန်ဖိုးဆိုတာကိုမြိုချ
ပြုံးများတောင်ပြုံးပြလို့။ ။

“နတ္ထိက ကဗျာ”

0 comments

Print E-mail
မျိုးဇေယျ
တနင်္လာနေ့၊ စက်တင်ဘာလ 01 2008 16:28 - မြန်မာစံတော်ချိန်


၁။
လွတ်တဲ့ငါးကြီးတတ်တဲ့သဘာဝက
ငါ့ကို အကြိမ်ကြိမ်ထုထောင်း
“ဇာတ်တော်ကို ပေါင်းလတ်သော်”… ဆိုတာမျိုး
အကျိုးလိုလို့ ညောင်ရေလောင်းကြရင်း…။

မြစ်တစင်း ကော
တောတတော ပြုန်း
တောင်တတောင် ပြို
သည်လိုပုံနဲ့ မိုးကြီးချုပ်ရင်….။

လှေတစင်းနဲ့ သီချင်းသည်ရေ…..
နေညိုပေမယ့် အိမ်ပြန်ခွင့်မရကြ
(တချို့က)
ပွရောင်းရောင်း လေထုဝန်းကျင်မှာသာ
အကြည့်တန်စွာ အသိုက်ဆောက်နေကြ။

၂။
လေးကိုင်းရဲ့ ညွှတ်ပျောင်းမှုအင်အား ဟာ
ပစ်မှတ်ကို အလျှင်အမြန် အပြင်းထန်ဆုံး
ထိမှန်ဖို့သာ…။

ဘာသာဗေဒ သုည များက
ကောင်းကင်ကို လင်းပွင့်စေကြမတဲ့…
အဲဒီ စာမျက်နှာကိုဆုတ်ဖြဲ
ငရဲမီးမှာ လောင်မြိုက်စေ။

ကြွှေလွင့် ကြယ်စင်တွေကပဲ
ရဲမြ ၀ိညဉ် စိုက်ပျိုး
အမှောင်ထုကို ထိုးခွဲပစ်ခဲ့ကြ
အမွှေးလွဆုံး ပန်းသစ်တို့ပွင့်ဝေ
နေပူပြင်းပြင်းထဲမှာ။

၃။
မြေသားကို မမေ့တတ်ကြဖို့ပါပဲ
“သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် …..”
ပညာရှိသူရဲ့ အနုပညာ ဓမ္မ
သိမှတ်နာယူ အသုံးချ
အကောင်းဆုံး ရှင်သန်ကြဖို့ပဲ ဖြစ်တယ်။ ။

အလင်းပေါက်မှန်တချပ်ရဲ့ည

0 comments

Print E-mail
စိုးနေလင်း
စနေနေ့၊ သြဂုတ်လ 02 2008 12:55 - မြန်မာစံတော်ချိန်

နားထောင် …
ပြောင်ပြောင်တင်းတင်းပဲ
နှစ်ဆယ့်တစ်ရာစု နာဗ့်ကြောသစ်က
ဒဿနတွေကို ခွေပစ်ဖို့
မြို့တော်တွေရဲ့ တံခါးကိုခေါက်
(ပျောက်ဖဲတချပ်ကို စမ်းရင်း)
ကြိုးတန်းလျှောက်ပြကြတော့မယ်။

မီးတောင်တတောင်လိုပေါက်ကွဲ
ဓာတ်ခွဲစမ်းသပ်မှုရလဒ်က
(အနှစ်ခုနစ်ဆယ်ကျော်ကြာမှ)
တံလျှပ်သက်သက်အဖြစ်ကြွေကျ
လွမ်းခန်းများတဲ့ ပြဇာတ်တပုဒ်မှာ
နာတာရှည် လူမမာတယောက် ဖြစ်ခဲ့ရ။

ရာသီဥတုကတော့
ဆော့ကုလားထိုင်တလုံးလိုလှုပ်ရှား
ဈေးကစားချင်နေပုံပါပဲ။

တွင်းနက်ကျဉ်းကျဉ်းထဲက
မျိုးရိုးဗီဇဆဲလ်ပွားမှုအဟုန်မှာ
သာလိကာကောင်လို နှုတ်တိုက်ရွတ်ဆို
မုန်ယိုအတ္တမာန်ခက်ရှ
လှပစွာ အဆိပ်သင့်နေကြရဲ့။

နှင်းဆီတပွင့်အောက်မှာသာ
ဒဏ်ရာအထပ်ထပ်နဲ့
မြင့်မြတ်ရင်ခုန်သံတွေရှိမယ်
လည်ပတ်နေတဲ့ ကမ္ဘာကြီးကို ကြည့်လို့။

သည်လိုနဲ့ပဲ
အမည်းမှောင်ဆုံးတိမ်လိပ်များရဲ့
ပါးလျှလျှငွေနားအကွပ်ကိုမျှော်တ
ညက တစစလေးပိလာ…
အနာဂါတ်တစပြင်ဆိုတာကလည်း
မည်းနက်နက်မျက်လှည့်ပုံးတခုလို။ ။

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com