News Article Photo Poem Video Cartoon Music Radio

Thursday, March 13, 2008

0 comments
အဖြူရောင်ည
Print E-mail
ကဗျာ
ငြိမ်းဝေ
Tuesday, 11 March 2008 09:55 - မြန်မာစံတော်ချိန်

(က)

အချစ်ဆုံး သံလွင်ရဲ့

နှလုံးသားပေါ်

ကြယ်ရောင်ပျော်ကျ လရောင်ပွက်ထ ။nyein-wai-poem.jpg

ညအရိပ်ခို

တိတ်ဆိတ်စွာ နုပျိုတဲ့

သံလွင်ရဲ့ ရင်ခုန်သံများ

ကမ္ဘားယံတချို့ကို ထိမှန်သွားခဲ့။

ငှက်ခါးရောင် တောင်တန်းတချို့ကလည်း

လရောင်လျှပ်စီးနဲ့ ဓါတ်မီးတွေသွယ်ကြ။

ငါ

ဒီညမှာ

တကိုယ်တော် ကဗျာရွတ်ဆိုခြင်း

ခံစားမှုတလင်း တင်းနေအောင်ခေါက်ခဲ့။

ငါ

ဒီညမှာ

အရောင်တွေ စီးမျောသွား

"အင်မရီတာ ရှားဂီး" ရဲ့

"ဒွန်းစဏ္ဍားများ" ပန်းချီကား

"ရှိုးကလိုး" မှာ ထားရစ်ခဲ့။

ငါ

ဒီညမှာ

အောင်ချိမ့်ရဲ့

"ရွေးချယ်ပေါင်းသင်းအပ်သူများ"

ဆေးဝါးဗူးဆို့ကိုဖောက်

ကဗျာတခွက်သောက်ခဲ့။

ငါ

ဒီညမှာ

"ယူဂျင်းပေါ်တီရဲ" ရဲ့

လူမျိုးစုံချစ်ကြည်ရေးတေး

နှလုံးသွေးနဲ့ ကူးရေးခဲ့။

ငါ

ဒီညမှာ

ဒေါနတောင်ပေါ်က

တတိုင်းမွှေး ပန်းကြွေပွင့်

ရင်နင့်အောင်မွှေးခဲ့။

ငါ

ဒီညမှာ

ဒေ၀ီမရဲ့

ခြေချသံ ပြင်းပြင်း

သီချင်းဆိုသံ ကွဲကွဲ

စွဲနင့်ဝေမူး

သူမရဲ့

(ပဲပြုတ်တောင်းထဲက)

အလှပွင့်ဦး ပန်းဖူးတငုံ

ရင်ခုန်ခဲ့။

ငါ

ဒီညမှာ

"ဂါဗရီရယ် အိုဂါရာ" ရဲ့

ပဉ္စလက်ဗုံသံ

နာခံတက်ကြွ ကခုန်ခဲ့။

ငါ

ဒီညမှာ

ကဗျာတဆစ် ရေးခြစ်လိုက်ရာ

ခေတ်ပြိုင်ခံစားမှု ဗဟုဝါဒ

အဖြူရောင်တည ခံစားလို့ရခဲ့။

(ခ)

အို

အချစ်ဆုံး သံလွင်

သင်နဲ့ငါ

ဒီညမှာ

ကဗျာတပုဒ်

အချစ်ဖြင့် သွန်းထုလုပ်

ပြီးတော့

ခံစားမှု လက်ခုပ်နဲ့

(လရောင်ကို)

ပခြုပ်တွင်း သွင်းထားလိုက်ကြတာပေါ့ ။ ။

+ "အင်မရီတာ ရှားဂီး" အိန္ဒိယ ပန်းချီဆရာမ

+ "ယူဂျင်းပေါ်တီရဲ" ပြင်သစ် ကဗျာဆရာ

+ "ဂါဗရီရယ် အိုဂါရာ" တောင်အာဖရိက ကဗျာဆရာ

Tuesday, March 4, 2008

0 comments
ဒုက္ခသည်


ကျော်သူမိုးမြင့်
Friday, 29 February 2008 10:36 - မြန်မာစံတော်ချိန်

kyaw-thu-moe-myint-refugees

ရှေ့မှာ မှောင်နေတာပဲ
နောက်ပြန်ကြည့်တော့
ငါတို့ ရွာလေး မီးလောင်နေတယ်။

ငါတို့ နေရာ
ငါတို့ မြေယာ
ငါတို့ ရွာ
ငါတို့ ထားခဲ့ရ။

အော်ကြ ...
ဟစ်ကြ ...
ပြေးကြ ...
လွှားကြ ...
တချို့ သေခဲ့ကြ ... ။

နေရောင်တစက်မှ မထိုးတဲ့
တော တောင်ကြားမှာ
ငါတို့
အရိပ် မတွေ့ခဲ့။

ဒီရေ ...
ဒီမြေ ...
ဒီတော ...
ဒီတောင် ...
ဒီၤဘာသာ ...
ဒီစကား ...
ငါတို့ ဘိုးဘွားတွေပိုင်ခဲ့တယ်
ငါတို့ မိဘတွေပိုင်ခဲ့တယ်
ငါတို့ ပိုင်တယ်။

ငါတို့ ဒီမြေမှာ မွေးခဲ့တယ်
ဒီမြေမှာပဲ သေချင်တယ်
"ငါတို့ ရင်ဘတ်တွေထဲ
ကျည်ဆံ တတွဲလောက်
ဆွဲထည့် လိုက်စမ်းပါ" ။

ခြေကျိုး
လက်ပြတ်
မိမဲ့
ဖမဲ့
လူမျိုးမဲ့ရတော့မယ့် ဘ၀များ
လမ်းပျောက်နေတဲ့ ခြေလှမ်းများ
မွေးရာပါ အခွင့်အရေးများ
ကကြီးခကွေးတောင် သင်ခွင့်မရတဲ့ ကလေးများ
နေ၀င်လို့မှ
ထမင်းတနပ်တောင် မစားလိုက်ရတဲ့ နေ့များ
ခြေတစ်လှမ်းစာမျှ
ကြိုတွေးလို့မရနိုင်တော့တဲ့ အနာဂတ်များ။

ရှေ့မှာ မှောင်နေတာပဲ
တောခြောက်သလို
တဒိုင်းဒိုင်း ပစ်ဖောက်နေတဲ့ စစ်သေနတ်တွေအောက်က
နေ့ မနား
ညမနား
ဒေါနတောင်တန်းကိုဖြတ်
သောင်ရင်းတဖက်ကို ရောက်ပြန်တော့
မျက်ရည်ကျရ
စို့နင့်ရ
မောပန်းရ
ရှေ့မှာ မှောင်နေသေးတယ်။

ငါတို့ဟာ
စစ်ခွေး အကိုက်ခံရမယ့်
ဒုက္ခက လွတ်မြောက်လာတဲ့
ဒုက္ခသည်
ငါတို့ဟာ
ဒုက္ခသည်
ရှေ့မှာ မှောင်နေတုန်းပဲ။

လက်တွေတွဲထား
တနေ့
သမိုင်းတပတ် ပြည့်တဲ့နေ့
သစ္စာပန်းတွေ ဝေတဲ့နေ့
မေတ္တာပန်းတွေ ဝေတဲ့နေ့
အဲဒီတနေ့မှာ
ငါတို့
ကုပ်ယူခဲ့တဲ့ မြေကြီးတဆုပ်နဲ့
ငါတို့ရွာကို ပြန်ရှာမယ်။ ။

ကျော်သူမိုးမြင့်

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com