News Article Photo Poem Video Cartoon Music Radio

Thursday, March 13, 2008

0 comments
အဖြူရောင်ည
Print E-mail
ကဗျာ
ငြိမ်းဝေ
Tuesday, 11 March 2008 09:55 - မြန်မာစံတော်ချိန်

(က)

အချစ်ဆုံး သံလွင်ရဲ့

နှလုံးသားပေါ်

ကြယ်ရောင်ပျော်ကျ လရောင်ပွက်ထ ။nyein-wai-poem.jpg

ညအရိပ်ခို

တိတ်ဆိတ်စွာ နုပျိုတဲ့

သံလွင်ရဲ့ ရင်ခုန်သံများ

ကမ္ဘားယံတချို့ကို ထိမှန်သွားခဲ့။

ငှက်ခါးရောင် တောင်တန်းတချို့ကလည်း

လရောင်လျှပ်စီးနဲ့ ဓါတ်မီးတွေသွယ်ကြ။

ငါ

ဒီညမှာ

တကိုယ်တော် ကဗျာရွတ်ဆိုခြင်း

ခံစားမှုတလင်း တင်းနေအောင်ခေါက်ခဲ့။

ငါ

ဒီညမှာ

အရောင်တွေ စီးမျောသွား

"အင်မရီတာ ရှားဂီး" ရဲ့

"ဒွန်းစဏ္ဍားများ" ပန်းချီကား

"ရှိုးကလိုး" မှာ ထားရစ်ခဲ့။

ငါ

ဒီညမှာ

အောင်ချိမ့်ရဲ့

"ရွေးချယ်ပေါင်းသင်းအပ်သူများ"

ဆေးဝါးဗူးဆို့ကိုဖောက်

ကဗျာတခွက်သောက်ခဲ့။

ငါ

ဒီညမှာ

"ယူဂျင်းပေါ်တီရဲ" ရဲ့

လူမျိုးစုံချစ်ကြည်ရေးတေး

နှလုံးသွေးနဲ့ ကူးရေးခဲ့။

ငါ

ဒီညမှာ

ဒေါနတောင်ပေါ်က

တတိုင်းမွှေး ပန်းကြွေပွင့်

ရင်နင့်အောင်မွှေးခဲ့။

ငါ

ဒီညမှာ

ဒေ၀ီမရဲ့

ခြေချသံ ပြင်းပြင်း

သီချင်းဆိုသံ ကွဲကွဲ

စွဲနင့်ဝေမူး

သူမရဲ့

(ပဲပြုတ်တောင်းထဲက)

အလှပွင့်ဦး ပန်းဖူးတငုံ

ရင်ခုန်ခဲ့။

ငါ

ဒီညမှာ

"ဂါဗရီရယ် အိုဂါရာ" ရဲ့

ပဉ္စလက်ဗုံသံ

နာခံတက်ကြွ ကခုန်ခဲ့။

ငါ

ဒီညမှာ

ကဗျာတဆစ် ရေးခြစ်လိုက်ရာ

ခေတ်ပြိုင်ခံစားမှု ဗဟုဝါဒ

အဖြူရောင်တည ခံစားလို့ရခဲ့။

(ခ)

အို

အချစ်ဆုံး သံလွင်

သင်နဲ့ငါ

ဒီညမှာ

ကဗျာတပုဒ်

အချစ်ဖြင့် သွန်းထုလုပ်

ပြီးတော့

ခံစားမှု လက်ခုပ်နဲ့

(လရောင်ကို)

ပခြုပ်တွင်း သွင်းထားလိုက်ကြတာပေါ့ ။ ။

+ "အင်မရီတာ ရှားဂီး" အိန္ဒိယ ပန်းချီဆရာမ

+ "ယူဂျင်းပေါ်တီရဲ" ပြင်သစ် ကဗျာဆရာ

+ "ဂါဗရီရယ် အိုဂါရာ" တောင်အာဖရိက ကဗျာဆရာ

Tuesday, March 4, 2008

0 comments
ဒုက္ခသည်


ကျော်သူမိုးမြင့်
Friday, 29 February 2008 10:36 - မြန်မာစံတော်ချိန်

kyaw-thu-moe-myint-refugees

ရှေ့မှာ မှောင်နေတာပဲ
နောက်ပြန်ကြည့်တော့
ငါတို့ ရွာလေး မီးလောင်နေတယ်။

ငါတို့ နေရာ
ငါတို့ မြေယာ
ငါတို့ ရွာ
ငါတို့ ထားခဲ့ရ။

အော်ကြ ...
ဟစ်ကြ ...
ပြေးကြ ...
လွှားကြ ...
တချို့ သေခဲ့ကြ ... ။

နေရောင်တစက်မှ မထိုးတဲ့
တော တောင်ကြားမှာ
ငါတို့
အရိပ် မတွေ့ခဲ့။

ဒီရေ ...
ဒီမြေ ...
ဒီတော ...
ဒီတောင် ...
ဒီၤဘာသာ ...
ဒီစကား ...
ငါတို့ ဘိုးဘွားတွေပိုင်ခဲ့တယ်
ငါတို့ မိဘတွေပိုင်ခဲ့တယ်
ငါတို့ ပိုင်တယ်။

ငါတို့ ဒီမြေမှာ မွေးခဲ့တယ်
ဒီမြေမှာပဲ သေချင်တယ်
"ငါတို့ ရင်ဘတ်တွေထဲ
ကျည်ဆံ တတွဲလောက်
ဆွဲထည့် လိုက်စမ်းပါ" ။

ခြေကျိုး
လက်ပြတ်
မိမဲ့
ဖမဲ့
လူမျိုးမဲ့ရတော့မယ့် ဘ၀များ
လမ်းပျောက်နေတဲ့ ခြေလှမ်းများ
မွေးရာပါ အခွင့်အရေးများ
ကကြီးခကွေးတောင် သင်ခွင့်မရတဲ့ ကလေးများ
နေ၀င်လို့မှ
ထမင်းတနပ်တောင် မစားလိုက်ရတဲ့ နေ့များ
ခြေတစ်လှမ်းစာမျှ
ကြိုတွေးလို့မရနိုင်တော့တဲ့ အနာဂတ်များ။

ရှေ့မှာ မှောင်နေတာပဲ
တောခြောက်သလို
တဒိုင်းဒိုင်း ပစ်ဖောက်နေတဲ့ စစ်သေနတ်တွေအောက်က
နေ့ မနား
ညမနား
ဒေါနတောင်တန်းကိုဖြတ်
သောင်ရင်းတဖက်ကို ရောက်ပြန်တော့
မျက်ရည်ကျရ
စို့နင့်ရ
မောပန်းရ
ရှေ့မှာ မှောင်နေသေးတယ်။

ငါတို့ဟာ
စစ်ခွေး အကိုက်ခံရမယ့်
ဒုက္ခက လွတ်မြောက်လာတဲ့
ဒုက္ခသည်
ငါတို့ဟာ
ဒုက္ခသည်
ရှေ့မှာ မှောင်နေတုန်းပဲ။

လက်တွေတွဲထား
တနေ့
သမိုင်းတပတ် ပြည့်တဲ့နေ့
သစ္စာပန်းတွေ ဝေတဲ့နေ့
မေတ္တာပန်းတွေ ဝေတဲ့နေ့
အဲဒီတနေ့မှာ
ငါတို့
ကုပ်ယူခဲ့တဲ့ မြေကြီးတဆုပ်နဲ့
ငါတို့ရွာကို ပြန်ရှာမယ်။ ။

ကျော်သူမိုးမြင့်

Thursday, February 28, 2008

0 comments
မမေ့တဲ့ တနေ့  ( ၂ )

လင်္ကျာစက်တင်
Tuesday, 26 February 2008 14:56 - မြန်မာစံတော်ချိန်
ma-may-naing-ta-any-ta-nay

အေးစက်စက်
နွားနို့ က အရသာပျက်နေ။

နေ့ လယ်ခင်း
စစ်ခင်းလာသူ သူငယ်ချင်းက
ဒဏ်ရာတချို့ လာပြတယ်။

ညကျ
ရေဒီယိုက အသံထစ်နေတယ်။

တကယ်တော့
ဥစ္စာစောင့်လို
ကမ္ဘာကြီးကို ငါထားမသွားရက်ပါဘူး။ ။

လင်္ကျာစက်တင်

Wednesday, February 27, 2008

0 comments
ဂရေ့စ် (ခ) လဇွန်ဆိုင်းဂျာသို့ တမ်းချင်း

အောင်ဝေး
Wednesday, 27 February 2008 13:01 - မြန်မာစံတော်ချိန်
aung-way-kachin-ma-lay

ကချင်မလေး
မင်းဟာ ငါ့အဖို့တော့
ဒီလွတ်မြောက်နယ်မြေမှာ
ပထမဆုံး ပွင့်တဲ့ ပန်းကလေးပါပဲ။

ကျေးဇူးတင်တယ်
ကချင်မလေး။

ဒီလွတ်မြောက်နယ်မြေရဲ့
လွမ်းမောဖွယ်တောအုပ်ကလေးတခုမှာ
မင်းဟာ
ငါ ပထမဆုံးဖူးရတဲ့ အလင်းရောင်ပါ။

ကချင်မလေး
မင်း ကချင်စကား မတတ်တော့ဘူး။

ငါက
ချင်းစကား မတတ်တော့တဲ့သူပါ။

ကချင်မလေး
ရန်ကုန်မှာမွေးပြီး
ဗန်ကောက်မှာ ကြီးပြင်းလာတဲ့
မင်းဘ၀မှာ
မေခ - မလိခ မြစ်ဆုံကို
မင်းအိမ်မက် မမက်ဖူးတာ
ငါဝမ်းနည်းမိပါရဲ့။

ငါကတော့
ဟိုး … ရှင်မွေယန်/နန်းယွန်း
ပန်ဆောင်
ဟူးကောင်းတောင်ကြားအထိလွမ်းပြီး
လီဒိုလမ်းမကြီးကို ထမ်းခဲ့ဖူးတဲ့ကောင်ပါ။

စိတ်မဆိုးပါနဲ့ 
ကချင်မလေး။

မင်းမှာ
ကချင်နဲ့ တူတာဆိုလို့
နာမည်ပဲ ကျန်တော့တယ်။

ဒါတောင်
မင်းဟာ တော်လှန်ရေးနယ်မြေတွေကို
သွားတဲ့အခါ
ကရေ့စ် ဖြစ်လိုက်
လဇွန်ဆိုင်းဂျာဖြစ်လိုက်။

ကချင်မလေး
ငါကတော့ မင်းကို
အပြစ်မတင်ပါဘူး။

မင်းဟာ
ငါတို့ရဲ့ တိုင်းရင်းသူပဲ။

ချူလာလောင်ကွမ် တက္ကသိုလ်က
မင်းဘွဲ့ရခဲ့တယ်
ချူလာလောင်ကွမ် တက္ကသိုလ်ရဲ့
ရွှေရောင်နေ့ရက်တွေမှာ
မင်းဟာ
နတ်သမီးကလေးတပါးဖြစ်ခဲ့တယ်။

ဘိဇနက် ပညာနဲ့ဘွဲ့ရခဲ့တဲ့
မင်းဟာ
ငါနဲ့တွေ့တော့
နိုင်ငံတကာက ဒုက္ခသည်တွေကို
ကယ်ဆယ်တဲ့
မေခလာတပါး ဖြစ်နေတယ်။

မင်းအတွက် ဂုဏ်ယူတယ်
ဗန်ကောက်သူ ကချင်မလေး။

မင်းကတော့
လရောင်နဲ့လှတဲ့
ဗန်ကောက်ညတွေမှာ
စိတ်ချလက်ချအိပ်စက်နိုင်တဲ့
ကချင်တိုင်းရင်းသူလေးပေါ့။

ငါတို့ တိုင်းပြည်မှာတော့
မင်းလို တိုင်းရင်းသူလူငယ်တွေဟာ
ည ည
အိပ်လို့ မပျော်နိုင်ကြပါဘူး။

စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေ
အချိန်မရွေး
ဝင်ရောက်စီးနင်း
အတင်းအဓမ္မ
ရိုက်နှက်ဖမ်းဆီး
ခေါ်ဆောင်သွားမှာကို
အမြဲစိုးရိမ်ပူပန်နေရတဲ့ ဘ၀ပေါ့။

ဗန်ကောက်မှာ အနှစ် နှစ်ဆယ်ကျော်
ထောင်ကာ အက ကို
မင်း မကတတ်တော့ဘူး။

ဗန်ကောက်မှာ အမြစ်တွယ်
မနောတိုင်တွေကို
မင်း မချစ်တတ်တော့ဘူး။

ခရစ်စမတ်မှာ
ဝတ်စရာ
မင်းမှာ ရိုးရာဝတ်စုံလည်း မရှိတော့ဘူး။

ဒါပေမဲ့
ငါ မင်းကို လေးစားပါတယ်။

မင်းဟာ
ကချင်တိုင်းရင်းသူတစ်ယောက်
ဖြစ်နေတဲ့အတွက်ကိုပဲ
ငါ တန်ဖိုးထားပါတယ်။

အကယ်၍များ
လွန်ခဲ့တဲ့ နှစ်တွေက
တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့
ကယန်းတော်လှန်ရေး ရဲဘော်မလေး
" အင်နာစတာရှား " တို့လို
စစ်မှန်တဲ့ ပြည်ထောင်စုကြီးအတွက်
အသက်ပေးသွားခဲ့တဲ့
တိုင်းရင်းသားလူငယ်ပေါင်းစုံရဲ့
ရုပ်ပုံလွှာတွေကိုသာ
မင်းသိခဲ့မယ်ဆိုရင် … ။

ဗန်ကောက်က မြန်မာသံရုံးရှေ့မှာ
မင်းကိုယ်တိုင်
ချူလာလောင်ကွမ် တက္ကသိုလ်က
လူငယ်တွေနဲ့ အတူ
မြန်မာစစ်အစိုးရကို
ဆန္ဒပြခဲ့တာထက်
မင်းပိုပြီးလေးနက်လာမှာ အမှန်ပါ။

ငါယုံကြည်ပါတယ်
မင်းကိုမွေးဖွားပေးခဲ့တဲ့
တိုင်းပြည်ရဲ့ကံကြမ္မာကို
မင်းစာနာ နားလည်လိမ့်မယ်လို့
ငါ မျှော်လင့်မိပါရဲ့။

မေခ - မလိခ မြစ်ဆုံမှာ
မင်းရုပ်ပုံကို
ငါရေးထားမယ် ကချင်မလေး။

ဧရာဝတီမြစ်ကမ်းပါးမှာ
မင်းအပြုံးကို
ငါထွင်းထားမယ် ကချင်မလေး။

မြစ်ဝကျွန်းပေါ်
ဘင်္ဂလားပင်လယ်အော်မှာ
မင်းနာမည်ကိုအော်ရင်း
ငါဆက်ပြီး တိုက်ပွဲဝင်သွားမယ် ကချင်မလေး။

တို့ပြန်ဆုံတွေ့ကြမယ့်
နွေဦးသစ်ရဲ့
တနံနက်မှာ
မင်းဝတ်ဖို့ 
ဂျိန်းဖောဝတ်စုံလေးတစ်စုံ
ငါ့ရင်ခုန်သံ
ငါ့ယုံကြည်ချက်
ငါ့လက်နဲ့ 
ငါကိုယ်တိုင်ပေးပရစေ။

ညီမလေးရေ …
လွမ်းတော့လေ။ ။

အောင်ဝေး

Monday, February 25, 2008

0 comments
ကျွန်းရွက်များအကြောင်း အောက်မေ့မှု

သစ်ကောင်းအိမ်
Monday, 25 February 2008 17:44 - မြန်မာစံတော်ချိန်

thit-kaung-eain25ပြားချပ်သွားတဲ့ ကမ္ဘာကြီးပေါ်က
ဖိနောင့် ပါးနေတဲ့
ပြားချပ်ချပ် ဖိနပ်တရံပေါ် ရပ်ရင်း
ငါ … ဆွေးနေမိရဲ့။

မျက်ရစ်မပါတဲ့ အချစ်နဲ့
ထူထောင်ခဲ့တဲ့ ခေတ်တခေတ်ဟာ
မင်းဖြစ်ခဲ့ပေါ့
ဂန္ဓာလရာဇ်သွေးနဲ့
ငါ့ သားလေးရေ။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူပေါ်လူဇော် မလုပ်မိစေနဲ့။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူယုတ်မာတွေ မဖြစ်မိစေနဲ့။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
သူတပါး တိုင်းပြည်ရဲ့ အသွေးအသား
မပြစ်မှားမိစေနဲ့။

သမိုင်းဆိုတာ
သားကြောဖြတ်လို့ ရတဲ့အရာ မဟုတ်ခဲ့
တို့နိုင်ငံရဲ့ “ရွှေဝါရောင် တော်လှန်ရေး”
သွေးနဲ့ လက်ခမောင်းခတ်ခဲ့ပြီ။

“ပုရွက်ဆိတ်တွေရဲ့ ဘုံဝါဒ … အဓွန့်ရှည်ပါစေ
ခွေးအတွေရဲ့ ဘုံဝါဒ … ကျဆုံးပါစေ”

တိန့်ရှောင်ဖိန်က
တိန်အန်မင် အရေးအခင်းကို
ရူးချင်ယောင်ဆောင်ခဲ့တယ်။

သစ်ကောင်းအိမ်

Saturday, February 2, 2008

0 comments
ရှစ်စက္ကန့် ... ငြိမ်သက်

လင်းစက်နောင်
Tuesday, 29 January 2008 11:53 - မြန်မာစံတော်ချိန်
nyein_that.jpg

ညကို ငါတို့ ကြောက်နေရတော့မှာလား

ည ... ရောက်တိုင်း
ည ... ရောက်တိုင်း
ရက်စက်ရမ်းကား သူတို့ရဲ့
အ ... မင်္ဂလာ ခြေသံကိုနားစွင့်
နောင်တနေ့မှာ ...
အဓမ္မအဖြစ်
ဘယ်သူ့ ရင်နာစရာ ကြားရလေမလဲ
မတွေးရဲပေမဲ့
ငါတို့ သွေးရဲနေရအုံးမှာပဲ။

ည ... ကို ငါတို့ ကြောက်နေရတော့မှာလား
ည ... တွေ ကြုံတိုင်း
ည ... တွေ တွေ့တိုင်း
အာရုံ ခန္ဓာတွေကို ဖိစီးချောက်ချား
ငရဲခွေးတွေ အူသံကြားက
အကြောက်တံခါးကို ၀ုန်းခနဲ ဆွဲဖွင့်
လွတ်လပ်ခွင့်နဲ့ တော်လှန်နေရအုံးမှာပဲ။

တကယ်ဆိုရင်
ငါတို့က
ညရဲ့ လေညှင်းကလေးတွေကို မြတ်နိုးတတ်တယ်
ညရဲ့ ကြယ်စင်လေးတွေကို နှစ်သက်တယ်
ညရဲ့ လမင်းလေးကို ချစ်ခဲ့တယ်။

အခုတော့
ညတွေရဲ့ မှောင်မိုက်ခြင်းတွေမှာ
ကြယ်စင်ပေါင်းများစွာ ကြွေပျက်
ရှစ်စက္ကန့်ပေါင်း အထပ်ထပ် ငြိမ်သက်
အလင်း ... လာမယ့်ဘက်
ငါတို့ ... ဦးညွှတ်လျက်နေမယ် ... ။ ။

လင်းစက်နောင်

Thursday, January 17, 2008

0 comments
မပျော်သူတယောက် ( ၂ )

လက်ျာစက်တင်
Friday, 18 January 2008 00:47 - မြန်မာစံတော်ချိန်
Unhappy One

ဖုန်သုတ်ပြီး
အတိတ်ကို အိပ်မွေ့ ချထားချင်ပါတယ်။

နေ့စဉ်သောကနဲ့
နေ့စဉ်ဒေါသနဲ့
ထူးမခြားနားနေ့တွေ။

ဘယ်လမ်းက ဘယ်ခရီးရောက်သတဲ့
ဘယ်လမ်းက ဘယ်ရနံ့ဆောင်မှာပါလိမ့်။
ဇာတ်သိမ်းနီးပြီ။ ။

လက်ျာစက်တင်

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com